Taungoo (1)
(Written by Kyawmin Aung)
အာရှမြောက်ပိုင်းစတက်မြက်ခင်းတွေဆီကနို့သောက်၊သိုးကျောင်းနေတဲ့လူမျိုးစုတစုဟာရာစုနှစ်ပေါင်များစွာအနောက်ဖက်ကိုတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပြီး အနာတိုး လီးယားလို့ခေါ်တဲ့ယနေ့တူရကီနိုင်ငံနေရာမှာ တဖြေးဖြေးချင်း အင်အားတွေစုစည်းသွားမိခဲ့ကြတယ်။၁၅ရာစုမှာတော့ သူတို့ဟာ
ဥရောပအင်အားကြီးနိုင်ငံတွေကို နားရွက်တံတွေးဆွတ်တော့မယ့် အော်တိုမန်အင်ပါယာကြီးကို
ဗြုန်းဆိုကောက်ထောင်လိုက်ကြပြီး ဥရောပနဲ့အာရှဆက်သွယ်ရေးလမ်းကြောင်းကြီးပေါ်မှာကားယားခွထားလိုက်ပါတယ်။ဒီအဖြစ်အပျက်ဟာကမ္ဘာ့သမိုင်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်။
ကွန်စတန်တီနိုပယ်မြို့ကိုအော်တိုမန်တပ်များဝိုင်းရံထားစဉ် |
အစဉ်အဆက်ကုန်သွယ်ခဲ့ကြတဲ့ ကုန်းတွင်းပိုးလမ်းမကြီး ပိတ်ဆို့သွားတာကြောင့်ဥရောပသားတွေဟာ တရုပ်နဲ့အာရှကိုပေါက်ရောက်ဖို့အတွက် လမ်းကြောင်းအသစ်တွေရှာကြံလာရတော့တယ်။အဲဒီလိုရှာကြံရင်းနဲ့ ကိုလံဘတ်တို့၊ဗတ်စကိုဒဂါးမားတို့လို စွန့်စားသူတွေက အာရှကိုကုန်သွယ်နိုင်မယ့် ပင်လယ်ရေကြောင်းလမ်းအသစ်တွေကိုတွေ့ရှိလာခဲ့တယ်။ဥရောပမှာ လစ္စဘွန်း၊အမ်စတာဒမ်၊လန်ဒန်အစရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့ကြီးတွေ ပေါ်ထွန်းလာပြီး ပင်လယ်ရေကြောင်းလမ်းဟာ ကမ္ဘာရဲ့အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းကောင်းရှိခြင်းဟာ နိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းရှိတဲ့မြို့တွေ၊နိုင်ငံတွေဟာ ရှေ့တန်းကိုထိုးတက်သွားကြပြီး တချိန်ကတန်ခိုးထွားခဲ့တဲ့ ကုန်းတွင်းပိတ်နိုင်ငံတွေဟာ အင်အားညံ့သက်သွား ကြတယ်။အတိတ်ကာလက ကြည်းတပ်အင်အားကောင်းတဲ့နိုင်ငံတွေက ကမ္ဘာကိုစိုးမိုးခဲ့ကြပေမယ့် အခုအခါမှာတော့ ရေတပ်အင်အားက ကြည်းတပ်ရဲ့အရိုက်အရာကို တစတစလွှဲပြောင်းခံယူလာပါတယ်။
ရေတပ်အင်အားကောင်းတဲ့နိုင်ငံတွေက ကမ္ဘာကိုလွှမ်းမိုးကြီးစိုးစပြုလာခဲ့တယ်။ တကယ်တော့ globalizationဖြစ်စဉ်ဟာ အဲဒီအချိန်ထဲကစတင်နေပြီလို့ပြောနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ၁၆ရာစုမှာမြန်မာနိုင်ငံဟာ
အဲဒီဖြစ်စဉ်ရဲ့အကျိုးသက်ရောက်မူကိုစတင်ခံစားလာရလို့ပါပဲ။
၁၆ရာစုအစပိုင်းမှာ မြန်မာပြည်ရဲ့အခြေအနေကတော့
အထက်ပိုင်းကိုရှမ်းတွေကကြီးစိုးလွှမ်းမိုးထားပါတယ်။အစဉ်အလာမြန်မာ့ဦးစွန်းဖြစ်ခဲ့တဲ့
အင်းဝကိုမြန်မာဘုရင်အုပ်ချုပ်နေပေမယ့်
သူ့ရဲ့အာဏာဟာမေးခွန်းထုတ်စရာဖြစ်နေပါပြီ။အင်အားကြီးတဲ့
အုန်းဘောင်စော်ပွား၊ မိုးကောင်းစော်ပွား မိုးညှင်းစော်ပွားစတဲ့ရှမ်းစော်ပွားတွေဟာ
အင်းဝကိုအစဉ်တစိုက် ဖိအားပေးခြိမ်းခြောက်နေကြပါတယ်။
အဲဒီအချိန်မှာ အောက်မြန်မာပြည်တခုလုံးကတော့
မွန်တို့ရဲ့သြဇာအာဏာအောက်မှာရှိပါတယ်။
မွန်တွေဟာ ပုဂံပျက်ပြီးကတည်းက အောက်မြန်မာပြည်တခုလုံးမှာ
သူတို့ရဲ့အချုပ်အချာအာဏာကို ပီပီပြင်ပြင်ထူထောင်ထားနိုင်တာ
နှစ်ပေါင်းနှစ်ရာလောက်ရှိနေပါပြီ။ပုသိမ် သန်လျင် မုတ္တမစတဲ့ဆိပ်ကမ်းကောင်းတွေကို
ပိုင်ဆိုင်ထားတဲ့မွန်တွေဟာ ပြောင်းလဲလာတဲ့ကမ္ဘာ့ကုန်စည်ကူးသန်းရေးအရွေ့ရဲ့အသီးအပွင့်တွေကိုမြိန်မြိန်ယှက်ယှက်ခံစားရင်း ချမ်းသာကြွယ်ဝတဲ့
အထင်ကြီးလောက်စရာ တိုင်းနိုင်ငံကြီးကိုထူထောင်ထားနိုင်ပါတယ်။
မြန်မာတွေရဲ့ဦးစွန်းအစစ်အမှန်ဟာ အင်းဝကနေ
အဲဒီအင်အားစုကြီးနှစ်ခုအလယ်က တောင်ငူဆိုတဲ့ စစ်တောင်းမြစ်ကမ်းပါးက
မထင်မရှားတောမြို့လေးတမြို့ဆီ မသိမသာကူးပြောင်းရောက်ရှိလာပါတယ်။
ပုဂံမင်းရိုးကဆင်းသက်လာသူဟုပြောစမှတ်ရှိသူ
ရည်မှန်းချက်ကြီးတဲ့ တောင်ငူရွာသူကြီး မင်းကြီးညိုဟာ အင်းဝကိုမဟာမိတ်အဖြစ်သစ္စာခံထားရင်းနဲ့
အင်အားစုကြီးနှစ်ခုအကြားက သေးငယ်တဲ့သူ့ဒေသကလေးမှာ မြန်မာတွေရဲ့အချုပ်အချာအာဏာကို
မပျောက်ပျက်အောင် လိမ္မာပါးနပ်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အင်းဝက်ို ရှမ်းတွေသြဇာလွမ်းမိုးထားချိန်မှာ အင်းဝပ်ိုင်နက်ထဲက မဟာဗျူဟာအရအရေးပါတဲ့ မြေသြဇာကောင်းပြီးလယ်မြေယာကောင်းတွေရှိတဲ့ ရမည်းသင်းနဲ့ကျောက်ဆည်ဒေသကို သိမ်းယူလိုက်ခြင်းဖြင့် မင်းကြီးညိုဟာ တောင်ငူရဲ့အင်အားကိုတောင့်တင်းအောင် စတင်လုပ်ဆောင်ပါတယ်။
(ဆက်လက်ဖာ်ပြပါမည်)
Written By Kyawmin Aung

တောင်ငူခေတ် ယိုးဒယားမြန်မာတိုက်ပွဲတခု |
Comments
Post a Comment