သမိုင်းထဲကဒီနေ့
လွန်ခဲ့တဲ့ နှစ်ပေါင်း၅၆၇ မေလ ၂၉ ရက်
ဒီနေ့မှာကွန်စတန်တီနိုပယ်မြို့ ကြီးကျဆုံးခဲ့ပါတယ်။ကမ္ဘာတခုအတွက် ကျဆုံးပြီး
အခြားကမ္ဘာတခုအတွက်တော့ အသစ်မွေးဖွားလာတယ် လို့ပြောရမယ်။
နှစ်တထောင်လောက်အဓွန့်ရှည်ခဲ့တဲ့
ဘိုင်းဇိုင်းတိုင်းယဉ်ကျေးမူရဲ့အသည်းနှလုံး၊
တချိန်ကခရစ်ယာန်တွေရဲ့ဗဟိုအချက်အချာ ကွန်စတန်တီနိုပယ် မြို့ကြီးဟာ
အဲဒီအချိန်ကဒီရေအလား တန်ခိုးထွားလာတဲ့ အော်တိုမင်တာ့ခ် တွေရဲ့ စက်ကွင်းက
ဘယ်လိုမှမလွတ်နိုင်ခဲ့ဘူး။
အဲဒီနောက် နှစ်ပေါင်းတရာလောက်အကြာမှာ မြန်မာပြည်မှာလည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ပါတယ်။
ရာစုနှစ်များစွာ မွန်တွေရဲ့ နှလုံးသားဖြစ်ခဲ့တဲ့ ဟံသာဝတီပဲခူးကို
တောင်ငူဘုရင် တပင်ရွှေထီးကသိမ်းပိုက်ပြီးမြန်မာတို့ရဲ့ မင်းနေပြည်
လုပ်ခဲ့ပါတယ်။
ဒါတွေက ကမ္ဘာ့သမိုင်းမှာ ဘယ်နိုင်ငံမှရှောင်ကွင်းလို့မရတဲ့ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။
တချိန်ကကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး၊အစည်ကားဆုံးမြို့ အဖြစ်
အတိုင်းတိုင်းအပြည်ပြည်က လေးစားအထင်ကြီးရတဲ့၊ မက်မောအားကျရတဲ့ 'Queen of
the cities'လို့တောင် ခေါ်ဝေါ်သမုတ်ရတဲ့ ကွန်စတန်တီနိုပယ်မြို့ကြီးဟာ
သူ့ကိုသိမ်းပိုက်ခဲ့တဲ့ Turkတွေရင်ခွင်ထဲမှာ နာမည်သစ်နဲ့
မွေ့လျော်နေခဲ့တာတောင် ဘာလိုလိုနဲ့ နှစ်ပေါင်းငါးရာကျော်လာခဲ့ပြီပဲ။
*******
ဘီစီငါးရာစုလောက်က ပင်လယ်နက်နဲ့မြေထဲပင်လယ်ဆက်သွယ်တဲ့ရေလက်ကြားပေါ်က ဦးချိုလိုချွန်ထွက်နေတဲ့ နေရာ လေးမှာ ဂရိကုန်သည်တွေအခြေချပြီး Byzantiumဆိုတဲ့မြို့တည်ပါတယ်။
ဒီနေရာလေးက အရှေ့အနောက်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ အချက်အချာကျလှပါတယ်။
အေဒီ ၃၃၀မှာ ကွန်စတန်တိုင်းသည်ဂရိတ် ရောမဧကရာဇ်ဖြစ်လာတော့ ဒီနေရာလေးကိုဓာတ်ကျပါတယ်။
ကေတီဗွီတွေ မာဆတ် တွှေရှိလို့လားမသိဘူး။
ဒီနေရာဟာနေပြည်တော်လုပ်ဖို့ ရေခံမြေခံပြည့်စုံတယ်ပေါ့။
မဟာဗျူဟာအချက်အချာကျတယ်ပေါ့။ဘာပေါ့ ညာပေါ့နဲ့ ငါကိုယ်တော်မြတ် အင်ပါယာရဲ့မြို့တော်အဖြစ်
ဒီနေရာကိုရွေးမယ်ဆိုပြီးမြို့ကိုချဲ့ပြီးအသစ်တည်ပါတယ်။Nova Roma
ရောမမြို့သစ်လို့နာမည်ပေးပေမယ့် နောက်ပိုင်းမှာ သူတည်ခဲ့တဲ့မြို့ဖြစ်လို့
သူ့နာမည်အစွဲပြုပြီး ကွန်စတန်တီနိုပယ်လို့ပဲတွင်ပါတယ်။
အဲဒီအချိန်တုန်းကရောမအင်ပါယာဟာ အတော့်ကို ကြီးမားကျယ်ပြန့်လာပြီဖြစ်လို့ တနေရာတည်းက အုပ်ချုပ်လို့အဆင်မ ပြေတော့ပါဘူး။အရှေ့အနောက် နှစ်ပိုင်းခွဲပြီး ဘုရင်နှစ်ပါးက အုပ်ချုပ်ကြပါတယ်။
ရောမ ကဘုရင်က အနောက်ပိုင်းကိုအုပ်ချုပ်ပြီး ကွန်စတန်တီနိုပယ်ကဘုရင်က အရှေ့ခြမ်းကိုအုပ်ချုပ်ပါတယ်။
ကွန်စတန်တိုင်းဘုရင်ကို ခရစ်ယာန်အသောက လို့ပြောရမှာပါ။
(ကုလားကျော်ဟိန်း လိုမျိုးပေါ့) ရောမဧကရာဇ်အဆက်ဆက်က နှိပ်ကွပ်ခဲ့တဲ့ ခရစ်ယာန်သာသနာဟာ သူ့ကြောင့် တသွေးတမွေးဖြစ်လာပါတယ်။
သူ့နောက်ပိုင်း တက်လာတဲ့ သီအိုဒိုးရှန်း လက်ထက်မှာတော့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းခဲ့ပါတယ်။
အေဒီ ၄၇၆ မှာ အနောက်ရောမအင်ပါယာ ပြိုကွဲသွားတဲ့အချိန်ကစပြီး
အရှေ့ရောမအင်ပါယာ ဟာသမိုင်းမှာ
ဘိုင်းဇိုင်းတိုင်းအင်ပါယာလို့တွင်ပါတယ်။ဒါပေမယ့် ဘုရင်တွေက
သူ့တို့ကိုယ်သူတို့ ရောမအင်ပါယာရဲ့ ဧကရာဇ်တွေလို့ပဲခံယူကြပါတယ်။
နောက်ပိုင်းမှာ အနောက်ရောမအင်ပါယာပြိုကွဲပြီး
ပေါ်လာတဲ့နိုင်ငံက ဘုရင်တွေကလည်း ရောမဧကရာဇ် နာမည်ခံချင်ကြတာ
တွေ့ရပါလိမ့်ဦးမယ်။အဲ့လိုခံလို့ရဖို့ သာသနာပိုင်ကိုလည်း ပေါင်းရသင်းရ
ပါတယ်။
ဒီလိုပါပဲ။ကြီးကျယ်ထင်ရှားခဲ့တဲ့ဂုဏ်ဒြပ်တခုခုနဲ့ဆက်စပ်ပြီး ကိုယ့်ကိုယ်ကို လူရိုသေရှင်ရို သေဖြစ်အောင်လုပ်ချင်ကြတာသဘာဝပါပဲ။
ကြီးကျယ်တဲ့အရာတွေနဲ့တော့ ဆက်စပ်ချင်ကြတယ်။
သေးသိမ်တယ်ထင်တဲ့ အရာတွေနဲ့တော့ မပတ်သက်ချင်ကြဘူး။
ဂရိယဉ်ကျေးမူလွှမ်းမိုးတဲ့ အရှေ့ရောမအင်ပါယာကို လက်တင်ယဉ်ကျေးမူလွှမ်းမိုးတဲ့ မူလလက်ဟောင်းရောမနဲ့ ခွဲပြီး ဘိုင်းဇိုင်းတိုင်းခေတ်၊ ဘိုင်းဇိုင်းတိုင်း ယဉ်ကျေးမူဆိုပြီး ခေတ်သစ်သမိုင်းဆရာတွေက အမည်ပေးခဲ့ပါတယ်။
![]() |
အရှေ့နဲ့အနောက်ရောမအင်ပါယာ |
ခရစ်ယာန်သာသနာအနေနဲ့လည်း ရောမမှာ ကျန်ခဲ့တဲ့ ခရစ်ယာန်ဂိုဏ်းက လက်တင်ဘာသာကိုသုံးစွဲပြီး ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဂိုဏ်းက ဂရိဘာသာကိုသုံးစွဲပါတယ်။
အဲဒီကနေမှ ရောမက ပုပ်ရဟန်းမင်းနဲ့ ကွန်စတန်တီနိုပယ်ကခရစ်ယာန်သာသနာအကြားဆက်ဆံရေးအဆင်မ ပြေမူတွေဖြစ်လာပါတယ်။
ဒါတွေက နိုင်ငံရေးနောက်ခံ၊ယဉ်ကျေးမူနောက်ခံတွေပေါ်မူတည်ပါလိမ့်မယ်။
အေဒီ၁၀၅၄မှာ ပုပ်ရဟန်းမင်းနဲ့ကင်းလွတ်တဲ့ အရှေ့အော်သိုဒေါ့ဂိုဏ်းဆိုပြီး ဘိုင်းဇိုင်းတိုင်းအတွက် တစင်ပေါ်လာပါတယ်။
အေဒီ ခြောက်ရာစုအတောအတွင်း ဂျက်စတီနီယန်လက်ထက်မှာ
ဘိုင်းဇိုင်းတိုင်းအင်ပါယာအင်အားက
အထွဋ်အထိတ်ကိုရောက်လာပါတယ်။ဂရိ၊အာရှမိုင်းနား၊အရှေ့ဥရောပနဲ့
အာဖရိကမြောက်ပိုင်းတွေဟာ ဘိုင်းဇိုင်းတိုင်းအင်ပါယာထဲပါ ပါတယ်။
ကွန်စတန်တီနိုပယ်မြို့ကြီးဟာလည်း နေထိုင်သူ ရှစ်သိန်းကျော်အထိရှိလာပါတယ်။ကူးသန်း ရောင်းဝယ်ရေးအချက်အချာ ကြွယ်ဝချမ်းသာတဲ့
ကမ္ဘာ့မြို့တော်ကြီးဖြစ်နေပါပြီ။
ပညာရပ်ပေါင်းစုံကို
သင်ကြားပို့ချပေးနေတဲ့တက္ကသိုလ်ကြီးနဲ့ကမ္ဘာတဝှမ်းကစာအုပ် ပေါင်းတသိန်း
ကျော်သိုမှီးထားတဲ့စာကြည့်တိုက်ကြီးတခုလည်းရှိပါတယ်။အဲဒီမှာရှေးခေတ်ဂရိအ
တွေးအ ခေါ်ရှင်တွေရဲ့စာပေလက်ရာတွေအစုံအလင်ရှိပြီး တကယ်လို့သာ
ဒီစာကြည့်တိုက်မရှိခဲ့ရင် နှောင်းလူတွေအနေနဲ့ ဆိုကရေးတီးတို့
ပလေတိုတို့ဆိုတာ ဘာမှန်းတောင်သိခွင့်ရမှာမဟုတ်ဘူးလို့ အဆိုရှိပါတယ်။
ဂျက်စတီနီယန်ဘုရင်တည်ဆောက်ခဲ့တဲ့ Hagia Sopiaဆိုတဲ့ ခရစ်ယာန်ဘုရားကျောင်း ဟာ ကမ္ဘာ့ထိပ်တန်းဗိသုကာလက်ရာတခုဖြစ်ပါတယ်။အတွင်းပိုင်းက မှန်စီရွှေချအပြောက်အမွှမ်းလက်ရာ တွေကလည်း လက်ဖျားခါလောက်ပါတယ်။ဒီအဆောက်အဦကြီးက နှစ်ပေါင်းတထောင့်ငါးရာကျော်သက်တမ်းတိုင်ခဲ့ပေမယ့် အခုထိတည်တန့်နေပါသေးတယ်။
![]() |
Hagia Sophi |
ကွန်စတန်တီနိုပယ်မြို့ ကိုတံတိုင်းအထပ်ထပ်ပတ်ရံထားပါတယ်။ရေလက်ကြားမှာဧရာမချိန်းကြိုးကြီးတွေတပ်ဆင်ထားပြီးဝင်လာမယ့်ရန်သူ့သဘ်ောတွေကိုဟန့်တားနိုင်အောင်စီစဉ်ထားပါတယ်။
အီအိုဒိုးရှန်ဘုရင် ဆောက်လုပ်ခဲ့လို့ သီအိုဒိုရှန်တံတိုင်းလို့နာမည်ကျော်တဲ့
မြို့တံတိုင်းတွေ
ခိုင်ခံ့မူကြောင့်နောက်ဆုံးအော်တိုမင်တာ့ခ်တွေလက်ထဲမကျခင်အထိ
မြို့သက်တမ်းနှစ်တထောင်ကျော်အတွင်းမှာ ရန်သူအကြိမ်ကြိမ်
လာတိုက်တာခံရဖူးပေမယ့် တကြိမ်သာမြို့ကျဖူးပါတယ်။ ၁၂၀၄ ခုနှစ်တုန်းက
အနောက်ဥရောပကလာတဲ့ ခရူးဆိတ်ဒါ(ဘုရားသခင်စစ်သည်တော်) တွေလက်ထဲကျခဲ့ရတာပါ။ဒီ
ခရူဆိတ်ဒါတွေက လာတုန်းကတော့ ဂျေရုဆလင်ကို မူဆလင်တွေလက်ထဲက
သိမ်းမယ်လို့ကြွေးကြော်ပြီး လာခဲ့ကြတာပါ။နောက်မှ ငါးမရရေချိုးပြန်မယ်
ဆိုပြီး ခရစ်ယာန်အချင်းချင်းဖြစ်ပေမယ့် ဂိုဏ်းမတူတဲ့
ကွန်စတန်တီနိုပယ်မြို့ကို သိမ်းလိုက်ပါတယ်။
ခရူးဆိတ်ဒါတွေက မြို့ကိုသိမ်းပြီးလက်တင် အင်ပါယာဆိုပြီးတော့အနှစ်ခြောက်ဆယ်လောက်အုပ်ချုပ်သွားခဲ့ပါတယ်။
အဲဒီနောက်တော့ ဘိုင်းဇိုင်းတိုင်း သားတွေလက်ထဲပြန်ရောက်လာပါတယ်။ဒါ
ပေမယ့်နဂိုအနေအထားပြန်မရတော့ပါဘူး။ဘုရားသခင်စစ်သည် တော် တွေ
လက်စလက်နကြောင့်မြို့ကဖရိုဖရဲဖြစ်ပြီး လူဦးရေက အတော်လေးကျဆင်းသွားပါပြီ။
ဘိုင်းဇိုင်းတိုင်းအင်ပါယာရဲ့အခြေအနေကလည်း
ဖုတ်လိူက်ဖုတ်လိူက်ဖြစ်နေပါပြီ။အင်ပါယာလို့သာဆိုရပေမယ့် ပိုင်နက်က
ကွန်စတန်တီနိုပယ်တဝိုက်လောက်ပဲ ရှိပါတော့တယ်။
ယခင်ဘိုင်ဇိုင်းတိုင်းအင်ပါယာနယ်မြေတွေအများစုက နောက်မှပေါက်တဲ့ရွှေကြာပင်
အော်တိုမင်တာ့ခ်တွေ လက်ထဲ ကျကုန်ပါပြီ။ကွန်စတန်တီနိုပယ်ကိုလည်းဒင်းတို့က
မျက်စောင်းတခဲခဲ လုပ်နေကြပြီ။
**********
၁၄၅၃ ခုနှစ်ဧပြီ မှာ အော်တိုမင်တာ့ခ်တို့ရဲ့ခေါင်းဆောင် စူလတန်မာမက်-၂ က ကွန်စတန်တီနိုပယ်မြို့ကို တပ် တောင်တာဗိုလ်ထုနဲ့ စဝိုင်းပါတယ်။
ကြည်းတပ် ရေတပ်တွေနဲ့ လေးဖက်လေးတန်ကပိတ်ဆို့ထားပါတယ်။
ဒါဟာ ကွန်စတန်တီနိုပယ်မြို့ကြီးကို အော်တိုမင်အင်ပါယာရဲ့မြို့တော်လုပ်ဖို့
အနှစ်နှစ်အလလကမက်ခဲ့တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်တာပါ။ဒီအိပ်မက်က
သူတယောက်တည်းမက်ခဲ့တဲ့အိပ်မက်မဟုတ်ပါဘူး။ဘိုးဘွားဘီဘင် အဆက်ဆက်မက်ခဲ့တဲ့အိပ်မက်ပါ။
ဒီမြို့ကိုအရင်ကလည်း အော်တိုမင်တာ့ခ်တွေအနေနဲ့ အကြိမ်ကြိမ်တိုက်ခဲ့ပြီးပါပြီ။အမြဲတပ်လန်ပြီးပြန်ပြေးခဲ့ရတာချည်းပဲ။တခါမှ မအောင်မြင်ခဲ့ပါဘူး။
အခုတကြိမ်တော့ ကြိုတင်ပြင်ဆင်မူကောင်းကောင်းလုပ်ခဲ့ပြီးမှ
လာခဲ့တာပါ။တာ့ခ်တွေက ပေသုံးဆယ်လောက်ရှည်တဲ့အမြောက်ကြီးတွေနဲ့
မြို့ရိုးတွေကိုတရစပ်
မရပ်မနားပစ်ပြီးဖြိုပါတယ်။အမြောက်ဆန်(ကျောက်တုံး)တလုံး တလုံးက ပေါင်
ခြောက်ရာလောက်လေးပါတယ်။တခါပစ်ရင်တမိုင်
လောက်အသာလေးပြေးပါတယ်။ကျည်တခါထိုးဖို့ သုံးနာရီလောက်အချိန်ယူရပါတယ်။
အကြိမ်ပေါင်းများစွာပစ်တဲ့အခါ
မြို့ရိုးလည်းကျိုးပေါက်သွားပါတယ်။အလုံးအရင်းနဲ့ဝင်လာတဲ့တာ့ခ်တွေကို
ဘယ်လိုမှခုခံနိုင်စွမ်းမရှိတော့ပါဘူး။ဘုရင် ကွန်စတန်တိုင်း-၁၁
ကိုယ်တိုင်လည်းကျဆုံးသွားပါတယ်။
အဲလိုနဲ့
ခုနှစ်ပတ်ကြာဝိုင်းထားပြီးနောက် ၁၄၅၃ ခုနှစ် မေလ၂၉ ရက်မှာ
ကွန်စတန်တီနိုပယ်မြို့ကြီး အော်တိုမင်တာ့ခ်တွေ လက်ထဲကျသွားပါတယ်။
ဒီအဖြစ်အပျက် ဟာ ကမ္ဘာ့သမိုင်းရဲ့ဇာတ်ကွက်တခု အကူးအပြောင်းကိုဖြစ်စေခဲ့ပါတယ်။
ဥရောပသားတွေကို အိပ်ပျော်နေရာမှလူပ်နိုးပေးလိုက်သလိုဖြစ်သွားပါတယ်။
အာရှနဲ့ဆက်သွယ်တဲ့ ကုန်းလမ်းကြောင်း လုံးဝပိတ်ဆို့သွားလို့
ရေလမ်းကြောင်းအသစ်ကိုစူးစမ်းရှာဖွေလာကြရာက
လမ်းကြောင်းအသစ်တွေ၊နေရာဒေသအသစ်တွေကို ရှာဖွေတွေ့ရှိလာတယ်။
အစဉ်အလာကခွာပြီး ကြောင်းကျိုးဆက်စပ်မူကိုဦးစားပေး စဉ်းစားတွေးခေါ်လာကြပါတယ်။
ဒီလိုအတွေးအခေါ်ပိုင်းပြောင်းလဲလာတာဟာ ဘိုင်းဇိုင်းတိုင်းက ပညာရှင်တွေ ဥရောပအနှံ့ရောက်သွားတာကြောင့်လည်းပါနိုင်ပါတယ်။
နှစ်တထောင်လောက် ပိတ်မိနေတဲ့ ဘာသာရေးဥခွံထဲက ရုန်းထွက်လာကြပါတယ်။စဥ်းစား တွေးတောပုံက လူကို
ပိုပြီးဗဟိုပြုလာတယ်။ကမ္ဘာလောကကို လက်တွေ့ကျကျစူးစမ်းရှာဖွေလာကြပါတယ်။
ကမ္ဘာ ဟာ ပညာခေတ်သစ်တခုထဲ ချဉ်းနင်း ဝင်ရောက်လာခဲ့ပါတယ်။
(By Kyaw Min Aung)
Comments
Post a Comment