Skip to main content

ရှေးခေတ်ရောမ ရဲ့အင်ဂျင်နီယာစွမ်းပကား

ရှေးခေတ်ရောမ ရဲ့အင်ဂျင်နီယာစွမ်းပကား
Written by Kyaw Min Aung 
အေဒီတစ်ရာစုလောက်ကရောမမြို့

ရှေးခေတ်ရောမရဲ့အင်ဂျင်နီယာစွမ်းပကား
အကြောင်းမပြောခင် တခေတ်တခါက
ကမ္ဘာမှာအရှည်ကြာဆုံးစူပါ ပါဝါဖြစ်ခဲ့တဲ့ရောမရဲ့သမိုင်းကြောင်း
အကျဉ်းမျှ တင်ပြပရစေ။
ရောမ ကို ဘီစီ ၇၅၃ မှာရိုမြူလပ် (Romulus) က စတည်ခဲ့ပါတယ်။
အိနိ္ဒယမှာ ဗုဒ္ဓမပွင့်မီ နှစ်ပေါင်း၂၀၀ လောက်က ရောမကိုစတည်ခဲ့တယ်လို့အကြမ်းအားဖြင့်
မှတ်လို့ရပါတယ်။
ဘီစီ ၅၀၉ မှာလူထုကရွေးကေါက်တင်မြှောက်တဲ့အစိုးရကအုပ်ချုပ်တဲ့ သမ္မတနိုင်ငံဖြစ်လာပါတယ်။
(အဲဒါနဲ့တချိန်တည်းလောက်မှာ
မဇ္ဆိမဒေသ ဝဇ္ဇီတိုင်းမှာလည်း
လွှတ်တော်ကအုပ်ချုပ်တဲ့ နိုင်ငံတခု
ရှိပါတယ်။)
ဘီစီသုံးရာစုလောက်အထိ ရောမရဲ့သြဇာဟာ အီတလီကျွန်းဆွယ်
အတွင်းမှာပဲရှိနေပါသေးတယ်။
ဘီစီ ၂၆၄-၁၄၆ အတွင်းကာသေ့တွေနဲ့ဖြစ်ပွားတဲ့ပြူး
နစ်စစ်ပွဲတွေအပြီးမှာ စပိန်နဲ့ အာဖရိကကမ်းခြေဒေသတွေအထိ ရောမရဲ့သြဇာအာဏာသက်ရောက်လာပါတယ်။
ဂျူ းလိယက်ဆီဇာ လက်ထက်မှာ သမ္မတနိုင်ငံကနေ အာဏာရှင်ဧကရာဇ်နိုင်ငံပြောင်းဖို့ကြိုးစားလာတဲ့အတွက်
ဘီစီ ၄၄ မှာ ဆီဇာလုပ်ကြံခံရပါတယ်။
အဲဒီနောက်ပြည်တွင်းစစ်တွေ
အတောမသတ် ဖြစ်ပွားခဲ့ပြီး
နောက်ဆုံးမှာအနိုင်ရခဲ့သူကတော့ ဂျူး
လိယက်ဆီဇာရဲ့မွေးစားသား အိုတေးဗီးယပ် (Octavian) ပဲဖြစ်ပါတယ်။သူက ဘီစီ ၂၇ မှာ သြဂတ်စတတ် (Augustus) နာမည်နဲ့ရောမဧကရာဇ်အဖြစ်ခံယူပါတယ်။
ဒါဟာ သမ္မတနိုင်ငံခေတ်ရဲ့နိဂုံးဖြစ်ပြီး အင်ပါယာခေတ်ရဲ့အစဖြစ်ပါတယ်။
အဲဒီအချိန်ကနေ နောင်နှစ်ပေါင်းနှစ်ရာတိုင်အောင်
အလွန်စည်ပင်ဝပြောတဲ့ကာလတခုဖြစ်ခဲ့ပါတယ်။
အေဒီ၁၀၀ လောက်မှာ ရောမအင်ပါယာရဲ့နယ်နမိတ်ဟာ အကျယ်ပြန့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်။
ဒီနေ့ခေတ်အီတလီ၊ဂရိ၊ဘူဂေးရီးယား၊တူရကီ၊ပြင်သစ်၊စပိန်၊ပေါ်တူကီ၊အင်္ဂလန်စတဲ့
ှုှုဥရောပနိုင်ငံတွေ၊
အီဂျစ်၊လစ်ဗျား၊မော်ရိုကိုး၊အယ်ဂျီးရီးယားစတဲ့အာဖရိကမြောက်ပိုင်းနိုင်ငံတွေနဲ့ ဆီးရီးယား၊အစ္စရေး၊ဂျော်ဒန်၊အီရတ်၊လက်ဘနွန်စတဲ့
အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ပိုင်နက်တွေပါဝင်ပြီး စတုရန်းမိုင်နှစ်သန်း လောက်ကျယ်ပါတယ်။အင်ပါယာတဝှမ်းမှာနေထိုင်သူူူ လူဦးရေ
သန်း၅၀ခန့်ရှိလိမ့်မယ်ဟုခန့်မှန်းကြပါတယ်။

ရောမအင်ပါယာဟာ အေဒီ ၄၇၆အထိ နှစ်ပေါင်း ၅၀၀ လောက်တည်တန့်ခဲ့ပြီး ကမ္ဘာမှာအရှည်ကြာဆုံးနဲ့အရှိန်အဝါအကြီးဆုံးအင်ပါယာတခုဖြစ်ခဲ့ပါတယ်။
အင်ပါယာရဲ့မြိို့တော်ဖြစ်တဲ့ရောမ မှာတော့နေထိုင်သူတသန်းခန့်ရှိပါတယ်။

ရောမမြို့ ဟာလည်း နှစ်ပေါင်း ၅၀၀ ကြာအောင် ကမ္ဘာမှာပြိုင်ဖက်ကင်း မြို့တော်တခုဖြစ်ခဲ့ပါတယ်။
အဲလိုဖြစ်ဖို့အတွက်လည်းရောမသားတွေဟာသူမတူတဲ့စနစ်ကောင်းတွေ၊အတတ်ပညာတွေနဲ့အဖက်ဖက်ကကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။

ရောမဧကရာဇ်တွေဟာ အင်ဂျင်နီယာအတတ်ပညာကို သူတို့ရဲ့ဘုန်းတန်ခိုးပြဖို့လောက်အတွက်သာမဟုတ်ပဲ ပြည်သူတွေရဲ့ လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ(Infrastructure)တွေ ဆောက်လုပ်ရာမှာ ကောင်းကောင်းအသုံးချခဲ့သူတွေဖြစ်ပါတယ်။
အဲတာက ယခင်အီဂျစ်ဘုရင်တွေနဲ့ကွာခြားချက်တခုပါ။

ရောမ ရေသွယ်စနစ်
Roman Aqueducts
ရောမသားတွေဟာ သောက်သုံးရေကို
အဝေးမှာရှိတဲ့ စမ်းချောင်းတွေ ရေကန်တွေကနေ ရောမမြို့ဆီသွယ်တန်းရယူပါတယ်။
Aqueductလို့ခေါ်တဲ့ရေတံတားတွေ။ကွန်ကရစ်ရေသွယ်မြောင်းတွေ၊ပိုက်တွေနဲ့
အဆင့်ဆင့် လိုချင်တဲ့နေရာ ရောက်သည်အထိသွယ်ယူပါတယ်။
တောင်ကုန်းတွေခံနေတဲ့အခါ
ဥမင်တွေ ဖောက်ပြီး ချိုင့်ဝှမ်းနေရာတွေမှာတော့ရေသွယ်တံတားတွေဆောက်ရပါတယ်။
Aqueduct တွေဟာ ရောမအင်ပါယာထဲမှာပါခဲ့တဲ့ ဥရောပ အနောက်ပိုင်းနိုင်ငံတွေမှာ အထင်ကရရှေးဟောင်းအမွေအွနှစ်အဖြစ်
ယနေ့ခေတ်အထိ ကျန်ရှိနေပါသေးတယ်။
ရောမခေတ်ကဆောက်ခဲ့သောရေသွယ်တံတားတခု

နှစ်ပေါင်းငါးရာအတွင်း ရောမအင်ပါယာ တခုလုံးမှာ Conduit ခေါ်ပင်မရေပိုက်လိုင်းတွေ၊
Aqueduct ခေါ်ရေသွယ်တံတားတွေ မိုင်ပေါင်း ၂၅၀ကျော် ဆောက်လုပ်ခဲ့ကြပါတယ်။
ရေသွယ်ယူတဲ့နေရာမှာ ချိုင့်ဝှမ်းတွေကို ဖြတ်ရတဲ့အခါ
တံတားထိုးဖို့အဆင်မပြေရင် ဆိုင်ဖွန်ပြောင်းပြန်
နည်းနဲ့သွယ်ယူပါတယ်။
မြေကြီးအောက်မှာမြူပ်ထားတဲ့ ရေပိုက်တွေက
မြေကြီးအောက် ၃ပေအနက်လောက်မှာရှိပါတယ်။ပိုက်တွေကို
အုတ် ဒါမှမဟုတ် ကွန်ကရစ်ဖြင့်ပြုလုပ်ပါတယ်။
ပိုက်တွေဟာ အောက်ခြေကပြားပြီး အမိုးခုံးပုံစံဖြတ်ပိုင်းပုံရှိပါတယ်၊
ပိုက် ပျက်စီးပိတ်ဆို့တာတွေကို စစ်ဆေးနိုင်ဖို့ အကွာအဝေးတခုစီမှာ Man hole လူဝင်ပေါက်တွေရှိပါတယ်။Man hole ပေါက်တွေကို အမိုးSlabပြားတွေနဲ့ဖုံးအုပ် ထား
ပါတယ်။

ရေသွယ်မြောင်းတွေ၊ရေပိုက်တွေ ရေဖိအားကြောင့် တိုက်စားပျက်စီးခံရတာနည်းစေဖို့ ရေပိုက်ရဲ့လျှောစောက်(gradient)ကို နည်းနိုင်သမျှနည်းထားတာတွေ့ရပါတယ်။
ရေပိုက်အများစုမှာ မီတာ၄၈၀၀အရှည်မှာ အနိမ့်အမြင့်ခြားနားခြင်း၁မီတာပဲရှိပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်းဂါဒွန်မြစ်ပေါ်ဖြတ်သန်းသွယ်ထားတဲ့Pont du Gard လို့ခေါ်တဲ့ ရေသွယ်တံတားဟာ ရောမအင်ပါယာခေတ်အေဒီတစ်ရာစုလောက်က ထုံးလချေးကျောက်နဲ့ဆောက်ခဲ့တာ ဖြစ်ပါတယ်။၆တန်လောက်အထိအလေးချိန်ရှိတဲ့ကျောက်တုံးတွေကိုသရိုးမပါပဲဆက်စပ်
တည်ဆောက်ထားတာဖြစ်ပါတယ်။
အခုံးနေရာတွေကိုတည်ဆောက်ထားပုံက အလွန်စေ့စပ်သေချာပြီး အထင်ကြီးစရာပါ။
တံတားအရှည်က ပေ၁၀၀၀ရှိပြီး အဆင့်သုံးဆင့်တည်ဆောက်ထားကာ စုစုပေါင်းအမြင့် ပေ၁၆၀ရှိပါတယ်။
တံတားပေါ်က ရေသွယ်မြောင်းကအကျယ်၄ ပေနဲ့အမြင့်၆ပေရှိပါတယ်။
၃၁မိုင် အရှည်ရှိတဲ့ အဲဒီရေပေးဝေတဲ့ပိုက်လိုင်းဟာ Nimes မြို့အရောက်မှာ မူလရေဝေနေရာထက် ၄၁ပေပဲ နိမ့်ပါတယ်။
ရေပိုက်လိုင်းတလျှောက်အဆိုင်း
(gradient) က သုံးမိုင်မှာ လေးပေလောက်ပဲရှိပါတယ်။
ဒီတံတားကိုဖြတ်သွယ်ထားတဲရေပိုက်လိုင်းကရောမကိုလိုနီNimesမြို့ကိုတနေ့ ရေ ဂါလံ ၈သန်းကျော်ထောက်ပံ့ပေးပါတယ်။
ပြင်သစ်နိုင်ငံNimesမြို့အနီးရှိ Pont Du Gard ရေသွယ်တံတား

မိုင်ပေါင်းများစွာရှည်တဲ့ရေပိုက်လိုင်းတွေကို
gradient နည်းနည်းနဲ့ level မှန်ကန်အောင်လုပ်သွားနိုင်တာက ရောမသားတွေရဲ့ အံ့မခန်း အင်ဂျင်နီယာစွမ်းရည်ကိုဖော်ပြနေပါတယ်။
ရောမကိုသွယ် ထားတဲ့ရေပိုက်ကြီးတွေက တခုတည်းမဟုတ်ပါဘူး။ရေရရှိရာ နေရာမျိုးစုံကနေ ပိုက်များစွာသွယ်ထားတာပါ။
ရေရဲ့အရည်အသွေးကိုလိုက်ပြီး
သောက်ရေအဖြစ်သုံးဖို့ ၊ရေချိုးကန်တွေအိမ်သာတွေအတွက်သုံးဖို့ သီးခြားစီ ပိုက်လိုင်းတွေ
ခွဲခြားသွယ်တန်းထားပါတယ်။
ရောမခေတ်ယဉ်ကျေးမူတွင် အရေးပါခဲ့သော အများသုံးအိမ်သာ

ရောမမြို့ဆီ အဲဒီပိုက်တွေကနေ ရေဂါလံသန်းသုံးရာလောက်ကို နေ့စဉ် ပို့ပေးပါတယ်တဲ့။
(ရန်ကုန်မြို့ကို ဒီနေ့ရေထောက်ပ့ံ့နေတဲ့နူန်းထက် များမယ်ထင်တယ်။)
ရောမမြို့ကရေပန်းတွေက ၂၄နာရီ ပန်းထွက်နေကြပါတယ်။
ရေချိုးခန်းတွေ၊အိမ်တွေလည်းတနေ့ပတ်လုံး
ရေမပြတ်ရနေပါတယ်။
ရေကို ဇက်ကြိုးချုပ်ကိုင်တွယ်နိုင်ခြင်းက
တခြားနိုင်ငံတွေကို ဖိန့်သွားစေနိုင်တဲ့ရောမအင်ပါယာရဲ့တန်ခိုးပါဝါတခုလို့
့ရောမဧကရာဇ်တွေက အစဉ်အဆက်
ယူဆကြပါတယ်။
အဲ့ဒီအတွက်လည်း
သူတွေဟာ နည်းပညာ၊လုပ်အား၊အချိန်မြောက်မြားစွာရင်းနှီးပြီး
ရေသွယ်ဖို့အခြေခံအဆောက်အဦတွေဖြစ်တဲ့ Aqueductတွေကို
ရောမအင်ပါယာတနံတလျားမှာ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။
ရေရဲ့စွမ်းအင်ကို အလိုရှိသလို အသုံးချနိုင်အောင်လည်းအမြဲ ကြံဆောင်ခဲ့ကြပါတယ်။
အဲဒီထဲမှာ ရေအားကိုအသုံးပြု ပြီးသီးနှံကြိတ်ခွဲစက်တွေတီထွင်တာ၊ရေအားကိုသတ္တု တူးဖော်တဲ့လုပ်ငန်းမှာ အသုံးပြု တာတွေ ပါပါတယ်။
ရောမခေတ်က ရေအားသုံးသီးနံှကြိတ်ခွဲစက်

ရောမ မိလ္လာစွန့်စနစ်
Roman Sewers
**********
ရောမမှာ အဆင့်အတန်းမြင့်တဲ့ရေဆိုးစွန့်ထုတ်စနစ်တခုရှိခဲ့ပါတယ်။
ဂျူးလိယက်ဆီဇာမတိုင်ခင် နှစ်ပေါင်း ၅၀၀လောက်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။
အစကတော့မိလ္လာစွန့်ပစ်ဖို့ထက် ရေကြီးရေလျှံဖြစ်တာကိုကာကွယ်ဖို့
မိုးရေတွေစွန့်ထုတ်ဖို့ပဲရည်ရွယ်လုပ်ခဲ့တာပါ။ လမ်းဘေးရေမြောင်းတွေကနေရေကိုစုယူပြီးနောက်ဆုံးမြစ်ထဲစွန့်ပစ်မယ့်
Cloaca Maxima လို့ခေါ်တဲ့ရေမြောင်းကြီးတွေလုပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့အဲဒီရေမြောင်းကြီးတွေကို အဖုံးဖုံး အလုံပိတ်ပြီး
အဓိကမိလ္လာစွန့်ထုတ်ပိုက်ကြီးတွေအဖြစ် အသွင်ပြောင်းခဲ့ကြတယ်။
ရောမမှာလူနေထူထပ်လာပြီး မိလ္လာအညစ်အကြေးတွေက လူတွေသောက်သုံးတဲ့ရေထဲရောက်ပြီးရောဂါဘယတွေဖြစ်ပွားလာကြတဲ့အတွက် မိလ္လာတွေကိုပါ
မြို့နဲ့ဝေးရာကိုစွန့်ထုတ်ဖို့ကြံစည်လုပ်ဆောင်လာခဲ့ပါတယ်
အများပြည်သူသုံးအိမ်သာတွေ၊ရေချိုးခန်းတွေဟာ ရောမရဲ့နေ့စဉ်လူမူဘဝမှာ အတော်လေးအရေးပါ ပါတယ်။အများအားဖြင့်ရေချိုးကန်တွေ၊အိမ်သာတွေကို
မိလ္လာပိုက်ကြီးတွေရဲ့အပေါ်မှာဆောက်ထားလေ့ရှိပါတယ်။မိလ္လာပိုက်တွေကို အုတ်၊အင်္ဂတေ
တွေနဲ့လုပ်လေ့ရှိပါတယ်။
လူနေအိမ်တွေ၊အိမ်သာတွေကထွက်လာတဲ့ရေဆိုးတွေဟာ Cloaca Maximaလို့ခေါ်တဲ့
ပင်မမိလ္လာပိုက်ကြီးဆီရောက်ပြီးအဲဒီကမှ
တဆင့် မြစ်ထဲစွန့်ပါတယ်။

ရောမအင်္ဂတေနဲ့ဗိသုကာပညာ

Roman Concrete and Architecture
**********
ကွန်ကရစ်ကိုစတင်အသုံးပြုခဲ့သူတွေဟာလည်း
ရောမသားတွေပဲဖြစ်ပါတယ်။
ရောမသားတွေဟာ
ပိုဇိုလန် လို့ခေါ်တဲ့မီးတောင်ချော်ပြာကို သဲ။ကျောက်။ထုံးတို့နဲ့ရောစပ်ပြီး
ကွန်ကရစ်ကို ပြုလုပ်ပါတယ်။
ရောမခေတ်က ကွန်ကရစ်က အခုခေတ်ကွန်ကရစ်လောက် ကောင်းပါ့မလားလို့သံသယရှိစရာပါ။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် နှစ်ထောင်လောက်က ရောမအင်ပါယာတနံတလျားမှာ
ဆောက်ခဲ့တဲ့ အဆောက်အဦတွေများစွာ ဒီနေ့အထိရှိနေပါသေးတယ်။
ရောမခေတ်ကဆောက်လုပ်ခဲ့သောဂျာမဏီနိုင်ငံရှိBasilica of Constantine


ပြင်သစ်တောင်ပိုင်း Nimes မြို့မှာရှိတဲ့ Maison Carree လို့ခေါ်တဲ့ရောမဘုရားကျောတာ်ကြီးဟာ သက်တမ်းနှစ် နှစ်ထောင်ရှိပါပြီ။

ရောမမြို့က ပန်သီယွန်ကျောင်းတော်ကြီး ဆိုရင်
အေဒီ ၁၁၈ ကနေ ၁၂၈အတွင်းမှာဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် သက်တမ်း နှစ် နှစ်ထောင်နီးပါးရှိပါပြီ။
ဒီနေ့အထိတည့်တန့်နေတုန်းပါ။
ဘုရားကျောင်းအဖြစ် အသုံးပြုနေဆဲပါ။
အေဒီ ၁၁၇က ဆောက်လုပ်ခဲ့တဲ့ပန်သီယွန်ကျောင်းတော်ကြီး

ရောမသားတွေရဲ့အံ့မခန်းဗိသုကာလက်ရာကိုဖော်ပြနေတာကတော့ ပန်သီယွန်ကျောင်းတော်က အမိုးခုံးဝိုင်းကြီးပါ။
ဒီအမိုးခုံးဝိုင်းကြီးဟာ အချင်း၁၄၂ပေရှိပြီး ကမ္ဘာမှာ သံမကူပဲကွန်ကရစ်သက်သက်နဲ့ဆောက်တဲ့အမိုးခုံးဝိုင်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
ထူးခြားချက်က ကြမ်းပြင်ကနေ ဒီအမိုးခုံးဝိုင်းကြီးရဲ့ ခေါင်အလည်တည့့်တည့် အမြင့်ကလည်း၁၄၂ပေ ပဲဖြစ်ပါတယ်။
ပန်သီယွန်ကျောင်းတော်ကအမိုးခုံးခုံးဝိုင်း

ရောမသားတွေဟာ အဆောက်အဦတည်ဆောက်ရာမှာ ကွန်ကရစ် နဲ့အခုံးပုံစံတွေရဲ့
အားသာချက်တွေကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။
စစ်ရထားပြိုင်ပွဲများကျင်းပရာ Circus Maxima

စစ်ရထားပြိုင်ပွဲများကျင်းပရာ ရောမမြို့လယ်ရှိ Circus Maximus ကိုတော့ဘီစီ၆ရာစုမှာစတင်ဆောက်လုပ်ခဲ့ပါတယ်။
မူလကသစ်သားဖြင့်ဆောက်လုပ်ခဲ့တာကို ဧကရာဇ်ထရာဂျန်(Trajan) က ကွန်ကရစ်ဖြင့့်အဆင့်မြှင့်ခဲ့ပါတယ်။အလျား ပေ၂၀၀၀ အနံပေ၇၀၀ ရှိပြီး ပွဲကြည့့်ပရိသတ် နှစ်သိန်းခွဲဆန့်ပါတယ်။
ဒီနေ့ခေတ်မှာ မြက်ခင်းတခုအနေလောက်ပဲတွေ့ရတော့တဲ့ Circus Maximus ဟာ
တချိန်တုန်းက ရောမမြို့ရဲ့အထင်ကရဗိသုကာလက်ရာတခုဖြစ်ခဲ့မှာပါ။
Colosseum လို့ခေါ်တဲ့ ခန်းမကြီးကို
ကိုအေဒီ၇၂ မှာ ရောမဧကရာဇ် Vespasian ကဆောက်လုပ်ခဲ့ပါတယ်။
ယနေ့တွေ့ရသော ကိုလိုစီယမ်

အီလစ်ပုံစံဖြစ်ပြီး အကျယ်ဆုံးနေရာမှာ ပေ၆၀၀နဲ့ အကျဉ်းဆုံးနေရာမှာ ပေ ၅၀၀ ရှိပါတယ်။အမြင့့်ကပေ၁၆၀ ရှိပြီးအထပ်လေးထပ်ရှိပါတယ်။
ပရိသတ် ၅သောင်းဆန့်ပါတယ်။
ဒီခန်းမကြီးမှာအဓိက အားဖြင့် ယှဉ်ပြိုင်သတ်ဖြတ်ပွဲတွေ၊သေဒဏ်ချမှတ်ခံရသူတွေကို စီရင်တာတွေပြုလုပ်ပါတယ်။
ရောမကွန်ကရစ်နဲ့ဆောက်လုပ်ခဲ့တဲ့ ဆိပ်ခံတံတားအောက်ခံတိုင်ကြီးတွေကို
လည်း ဒီနေ့အထိအကောင်းအတိုင်း ရှိနေတာတွေ့ရမှာပါ။
ဒီနေ့ခေတ်ကွန်ကရစ်နဲ့ဆောက်တဲ့ ပင်လယ်ဆိပ်ခံတံတားက နှစ်ပေါင်းငါးဆယ်
လောက်သာအာမခံနိုင်ပါတယ်။
 ရောမခေတ်ကဆောက်ခဲ့သောစပိန်တောင်ပိုင်းရှိProserpina ဆည်

ရောမတွေအသုံးပြုတဲ့ကွန်ကရစ်ဟာ
ပင်လယ်ဆားငံရည်ကို ကောင်းကောင်းခံနိုင်တာတွေ့ပါတယ်။
ဒါပြင့် အခုခေတ်ကွန်ကရိ ထက်တောင်မှပိုပြီးတာရှည်ခံတာကိုလည်း
အံအားသင့်ဖွယ်တွေ့ရပါတယ်။



စပိန်နိုင်ငံရှိရောမခေတ်ကဆောက်ခဲ့သောမီးပြတိုက်The tower of Hercules

ရောမလမ်းစနစ်
Roman road system
**********
ရှေးခေတ်ရောမအင်ပါယာအကြောင်းပြောမယ်ဆိုပါကသူတို့ရဲ့လမ်းစနစ်တွေ
အကြောင်းချန်လှပ်ထားရင်ပြီးပြည့်စုံမှာမဟုတ်ပါဘူး။
ရောမအင်ပါယာကြီး နှစ်ရာပေါင်းများစွာ
တည်တန့့်ခိုင်မြဲတန်ခိုးထွားနိုင်စေဖို့အတွက်
သူတို့ဖောက်လုပ်ခဲ့တဲ့လမ်းတွေက အဓိက အခန်းကပါဝင်နေခဲ့ပါတယ်။
Viae လို့ခေါ်တဲ့hiway လမ်းတွေဟာရောမမြို့ကနေ အဖက်ဖက်ကိုဖြာထွက်နေပြီး ရောမစစ်ယန္တရားအတွက် အသက်သွေးကြောသဖွယ်အရေးပါလှပါတယ်။
ဒီလမ်းတွေကိုအသုံးပြုပြီး ရောမစစ်တပ်တွေဟာ
အင်ပါယာတနံတလျား ယူဖရေတီးမြစ်ဝှမ်းကနေ အတ္တလန္တိတ်သမုဒ္ဒရာအထိ လွယ်ကူလျင်မြန်စွာ ရွေ့လျားစစ်ကစားနိုင်တဲ့အတွက် ရောမအင်ပါယာရဲ့အာဏာစက်ကို
လက်အောက်ခံနယ်မြေတွေအပေါ်မှာ
ကြာရှည်လေးမြင့်စွာတည်ရှိနေစေနိုင်ခဲ့ပါတယ်။
* * * * *
၂၇ဘီစီ ကစပြီး အေဒီ၄၇၆ အထိမြေထဲပင်လယ်ကိုအလယ်မှာထားပြီး
အာရှ၊ဥရောပ၊အာဖရိကတိုက် သုံးတိုက်ကိုခွပြီးနှစ်ပေါင်း ငါးရာကျော်ကြာတည်တန့်ခဲ့တဲ့ ရောမအင်ပါယာခေတ်
သက်တမ်းတလျှောက်မှာရောမသားတွေဟာ
လမ်းကီလိုမီတာ ၄သိန်းကျော်ဖောက်လုပ်ခဲ့ကြပါတယ်။
အဲဒီထဲက ကီလိုမီတာရှစ်သောင်းကျော်ဟာအကျအနခင်းထားတဲ့
ကျောက်ခင်းလမ်းများဖြစ်ကြပါတယ်။အောက်ခံfoundationကိုအသေအချာလုပ်ထားတဲ့
အတွက်တချို့လမ်းတွေဟာအခုခေတ်အထိဆက်လက်
အသုံးတော်ခံနေဆြဲဖစ်ပါတယ်။အီတလီအရှေ့တောင်ပိုင်းမှာရှိတဲ့
Apian way ဆို ရောမသမ္မတနိုင်ငံခေတ် ဘီစီ၄ရာစုလောက်က ဖောက်လုပ်ခဲ့တာဖြစ်ပြီးတချို့ လမ်းအစိတ်အပိုင်းတွေကိုယခုတိုင်တွေ့
နိုင်ပါသေးတယ်။
ရောမခေတ်ကဆောက်လုပ်ခဲ့တဲ့လမ်း

ရောမအင်ပါယာခေတ်လမ်းတွေရဲ့ထူးခြားတဲ့ဝိသေသတွေက ဖြောင့်တန်းမူရှိခြ၊လမ်းမျက်နှာပြင်အခုံးထားရှိပြီး လမ်းဘေးတဖက်တချက်မှာရေမြောင်းပါရှိခြင်းတို့ဖြစ်ပါတယ်။
လမ်းအူကြောင်းရွေးပြီးပြီဆိုတာနဲ့မြေအနက်သုံးပေလောက်အထိတူးထုတ်ပစ်လိုက်ပြီး ပထမဆုံးမြေဖို့သဲကြပ်ပြီးသိပ်သည်းအောင်လုပ်ပါတယ်။
အဲဒီနောက်မှာတော့ကျောက်တုံးကြီးတွေစီခင်းပါတယ်။ပြီးတဲ့အခါ
ကျောက်တွေကိုထုံးသရွတ်တွေနဲ့ရောပြီး
တလွှာချင်းစီ စီခင်းပါတယ်။အပေါ်ဆုံးလွှာကိုတော့ကျောက်ပြားတွေကို ပိုဇိုလန်ဘိလပ်မြေသရွတ်နဲ့တွဲပြီးညီညီညာညာလုပ်လေ့ရှိပါတယ်။
လမ်းဖြတ်ပိုင်းပုံ

မြင်းရှစ်ကောင်ကတဲ့ ဝန်တင်လှည်းတွေရဲ့အလေးချိန်ကို ကောင်းကောင်းခံနိုင်အောင် ခင်းထားတာဖြစ်ပါတယ်။
လမ်းတလျှောက်မှာ
လမ်းအကွာအဝေးပြမိုင်တိုင်တွေလည်း
ထားရှိပြီး မိုင်တိုင်တွေမှာလက်ရှိနေရာနဲ့ရောမမြိုနဲ့အကွာအဝေးကိုဖော်ပြလေ့ရှိပါတယ်တဲ့။

ရောမခေတ်တံတားမျာ
Roman Bridge
**********
ရောမအင်ပါယာခေတ်မှာ
လမ်းတွေနဲ့အတူ တံတားပေါင်းများစွာလည်း
ဆောက်ခဲ့ကြပါတယ်။
ရောမတံတားတွေရဲ့ထူးခြားချက်တွေကတော့
အများအားဖြင့်ကျောက်စီအမိုးခုံးတံတားများဖြစ်ခြင်း၊ကျောက်စီရာမှာ အလျား အနံတလွှာစီ စီတဲ့
Header and Stretcher bond ကိုအသုံးပြုထားခြင်း၊တံတားအကျယ်၁၅ေပေရှိခြင်း၊ဆင်ခြေလျောထားရှိခြင်း၊အုတ်တလုံးနဲ့တလုံး ခိုမြီးဆက် ဆက်ထားခြင်း တို့ဖြစ်ပါတယ်။
စပိန်နိုင်ငံမှာတည်ရှိတဲ့
Tagusမြစ်ကိုဖြတ်ဆောက်ထားတဲ့
Alcantaraတံတားဟာ အေဒီ ၁၀၄ခုနှစ်မှာ
ဆောက်လုပ်ခဲ့တဲ့ကျောက်စီခုံးတံတားဖြစ်ပြီး
ယနေ့အထိ တည်ရှိနေပါသေးတယ်။
တံတားအရှည် ပေ၆၀၀ ရှိပြီး ခန်းဖွင့်၆ခု ပါရှိပါတယ်။
အရှည်ဆုံးခန်းဖွင့်က ပေ၁၀၀ ရှိပါတယ်။
တံတားရေလယ်တိုင်မှာ တံတားတည်ဆောက်တဲ့ကမ္ဗည်းစာကိုရေးထိုးထားပါတယ်။
ကမ္ဗည်းစာမှာ ဒေသဆိုင်ရာမြူ နီစီပယ်အဖွဲ့တွေက တံတားကိုတာဝန်ယူဆောက်လုပ်ခဲ့တဲ့
အကြောင်းနဲ့ တံတားရဲ့ဒီဇိုင်းနာနာမည်ကိုဖော်ပြထားပါတယ်။
စပိန်နိုင်ငံရှိ အယ်ကန်တာရာတံတား

မြစ်ကိုဖြတ်ပြီးတံတားထိုးရတဲ့အခါ
ရေလယ်တိုင်တွေလုပ်ရပါတယ်။
ရောမသားတွေဟာ
မြစ်အောက်ခြေကြမ်းပြင်ကမာပြီး ကျောက်သားရှိရင် အဲဒီပေါ်မှာပဲအောက်ခံခုံလုံး (foundation) လုပ်လေ့ရှိပါတယ်။
မြေပျော့တဲ့နေရာတွေမှာ ဆိုရင်တော့
ပတ်ပတ်လည်သစ်သားပိုင်တိုင်တွေစိပ်စိပ်ရိုက်၊ရွှံ့ တွေမံပြီးယာယီရေတားတမံ(Coffer Dam)လုပ်ပါတယ်။ပြီးမှအထဲကမြေကြီးတူးထုတ်ပြီးကွန်ကရစ်လောင်း
ပါတယ်။
Coeffer dam ထဲ ကွန်ကရစ်လောင်းထည့်ပြီးလုပ်ထားတဲ့ခုံလုံးပုံစံနဲ့ တံတားတွေထဲမှာ ဒီနေ့တွေ့မြင်နေရတဲ့ရောမမြို့ အနီးတိုင်ဘာမြစ်ဖြတ်တံတားက နှစ်ပေါင်း၁၈၀၀ ကျော်ပါပြီ။
ရောမခေတ်မှာ
ဥရောပအနောက်ပိုင်းက ဒင်းညုြုမစ်၊ရိုင်းမြစ်စတဲ့မြစ်ကြီးတွေကို ဖြတ်တဲ့တံတားတွေလည်း
တည်ဆောက်ခဲ့ကြပါတယ်။
အေဒီ ၁၀၃ ခုနှစ် ဧကရာဇ်Trajan
လက်ထက်တည်ဆောက်ခဲ့တဲ့ ရိုင်းမြစ်ဖြတ်တံတားဟာ ၃၂၇၄ပေ ရှည်ပါတယ်။
အုတ်ခုံလုံးတံတားအောက်ခံတိုင်ပေါင်း ၂၀ ပါဝင် ပါတယ်။
ရေပြင်အထက် ၆၂ပေ မြင့်ပါတယ်။
အပေါ်ပိုင်း တံတားကိုယ်ထည်ကိုတော့သစ်သား ဖြင့်တည်ဆောက်ထားပါတယ်။
ဒါပေမယ့်သူ့နောက်ဆက်ခံတဲ့ ဘုရင်ကမြောက်ပိုင်းကလူရိုင်းတွေတံတားကိုဖြတ်ကျော်
ပြီးလာတိုက်မှာ စိုးရိမ်တဲ့အတွက် တံတားရဲ့သစ်သားကိုယ်ထည်တခုလုံးကိုဖြိုချလိုက်ပါတယ်။
အောက်ခံခုံလုံးတွေကိုတော့ ယနေ့အထိတွေ့နိုင်ပါသေးတယ်။



နိဂုံး

ဖြစ်တည်ခြင်း မှန်သမျှသည် လောကဓမ္မတာ တရားသဘောအတိုင်း နောက်ဆုံးတော့ပျက်သုဉ်းခြင်းနဲ့ပဲ နိဂုံးချုပ်ရသည်သာ။
သမိုင်းမှာအရှည်ကြာဆုံး ပြိုင်ဖက်ကင်းခဲံ့တဲ့ အင်ပါယာကြီးလည်းအနိစ္စ တရားသဘောမှ ချွင်းချက်မဟုတ်ပေ။ပျက်စီးရတော့မည်အချိန်ကိုရောက်လာတော့ အရာအားလုံးက ပျက်စီးခြင်းကိုပဲဦးတည်လာတော့သည်။
အတွင်းဖက်က လိူက်စားလာသလို၊အပြင်ဖက်ကလည်း ရန်အသွယ်သွယ်ပေါ်လာသည်။
ယဉ်ကျေးမူနိမ့်တဲ့လူမျိုးစုတွေက ရောမအင်ပါယာရဲ့မြောက်ဖက် နယ်နမိတ်တွေကို နှစ်ပေါင်းများစွာ အဆက်မပြတ် အလုံးအရင်းနှင့်ဖိဝင်လာကြသည်။

ရောမစစ်တပ်ကလည်းအရင်လို စွမ်းအားမရှိတော့။ဆက်တိုက်ရံှုးပွဲတွေကြုံလာရသည်။
ထိုလူမျိုးစုတွေက အေဒီ ၄၇၆တွင် ရောမမြို့ကိုသိမ်းပိုက်လိုက်ခြင်းဖြင့် နှစ်ပေါင်း ၅၀၀ကျော်တည်တန့်ခဲ့သော ရောမအင်ပါယာကြီးနိဂုံးချုပ်သွားရသည်။
(အရှေ့ ခြမ်းကတော့ ဘိုင်ဇိုင်းတိုင်းအင်ပါယာအဖြစ်နောင်နှစ်ပေါင်းတထောင်အထိ ဆက်လက်တည်တန့်ခဲ့ပါသည်)

(Written by Kyaw Min Aung)















Comments

Popular posts from this blog

ဓမ္မရာဇက ဘုရား

Damayazika Pagoda ဓမ္မရာဇက ဘုရားသည်ပုဂံမြို့ဟောင်းအရှေ့ပိုင်း ဖွားစောရွာတွင် တည်ရှိပါသည်။ ထိုဘုရားကို ခရစ်သက္ကရာဇ် ၁၁၉၈ တွင် နရပတိစည်သူမင်း က တည်ခဲ့ပါသည်။ ထိုဘုရားမှာမုဒ်ဦးငါးခု ပါရှိပြီး အောက်ခံ ပစ္စယံခုံလုံး ပဉ္စဂံပုံရှိခြင်းမှာအများအားဖြင့် စတုရန်းပုံရှိသော အခြားပုဂံဘုရားများနှင့်မတူပဲဤစေတီ၏ထူးခြားချက်တရပ်ဖြစ်သည်။ ရှေးဟောင်းပုဂံဘုရားများအနက် အမြင်လှပတင့်တယ်(သပ္ပယ်)ပြီး တည်ဆောက်ပုံအချိုးကျသော စေတီတဆူဖြစ်ပါသည်။ စေတီနှင့်ကပ်လျှက်အရပ်ငါးမျက်နှာ၌ ဘုရားကျောင်းဆောင်ငါးခုရှိပြီး ဗုဒ္ဓရုပ်ပွားတော် ငါးဆူ ကိန်းဝပ်စံပယ်တော်မူနေပါသည်။ ဘဒ္ဒကမ္ဘာ၌ပွင့်ပြီးနှင့် ပွင့်လတ္တံ့ဘုရားများကိုရည်ညွှန်းပါသည်။ ခေါင်းလောင်းပုံ စေတီ၏အောက်ခြေ၌ ပဉ္စဂံပုံစံ ပစ္စယာသုံးဆင့် ရှိပြီး ပစ္စယာများ၏ဘေးဖက်တွင် ဗုဒ္ဓ၏ဘဝဖြစ်တော်စဉ် ၅၅၀နိပါတ်တော်လာပုံများကိုစာနှင့်တကွရေးထွင်းထားသည့် စဉ့်စိမ်းအုတ်ချပ်များ လက်ယာရစ်အတိုင်း ပတ်ပတ်လည်ကပ်ထားပါသည်။ ဤဘုရား၌ သီဟိုဠ်ဘုရင်ထံမှရသော ဓာတ်တော်လေးဆူကိုဌာပနာထားရှိကြောင်း၊ ဘုရားတည်ရာ လက်ခငွေ ၄၄၀၂၇ ကျပ် ကုန်ကျကြောင်းကို စေတီအရှေ့မျက်နှာ တဝဂူအတွင်း၌ ရေးထိုးထားသော ဘုရားတည်မော်ကွန်းကျေ...
မင်္ဂလာစေတီ ပုဂံမှာနောက်ဆုံးတည်ခဲ့တဲ့ဘုရားတွေထဲကတဆူဖြစ်ပါတယ်။ ပုဂံမပျက်သုဉ်းမီ ပုဂံခေတ်ရဲ့ နောက်ဆုံးဗိသုကာနဲ့အနုပညာလက်ရာတွေကို ဒီဘုရားမှာလေ့လာနိုင်ပါတယ်။ မင်္ဂလာစေတီကို အေဒီ၁၂၇၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ တရုပ်ပြေးမင်းလို့ ထင်ရှားတဲ့ နရသီဟပတေ့မင်း က တည်ခဲ့ပြီး၁၂၈၃ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ ရွှေစည်းခုံကို နမူနာယူပြီးတည်ထားတယ်လို့ အဆိုရှိပါတယ်။ ဘုရားတည်နေစဉ်မှာပဲ မွန်ဂိုစစ်မက် ဘေးဒဏ်ဟာပုဂံအပေါ်စတင်ကျရောက်လာပြီဖြစ်ပါတယ်။ ဒီဘုရားဟာ ပုဂံကတခြားစေတီပုထိုးတွေလို တိုင်းပြည်အေးချမ်းသာယာနေစဉ်မှာ တည်ခဲ့ရတာ မဟုတ်ပဲ တိုင်းပြည်ပျက်ခါနီး ဗရုတ်ဗရက်ကာလပုဂံရဲ့နောက်ဆုံးနေ့တွေမှာ တည်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အပေါ်ကျရောက်နေတဲ့ကြမ္မာဆိုးတွေကနေ ကင်းလွတ်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူတဲ့အနေနဲ့ "မင်္ဂလာ"ဆိုတဲ့ အမည်ပေးခဲ့သလား စဉ်းစားစရာပါ။ ကြီးကျယ်ခဲ့တဲ့ ပုဂံသားတွေရဲ့ နောင်လာနောက်သားတွေအတွက် အမွေအဖြစ်ထားခဲ့တဲ့ နောက်ဆုံးနုတ်ဆက်လက်ရာတွေကို ဒီဘုရားမှာ လွမ်းမောတမ်းတဖွယ်မြင်တွေ့ရမှာပါ။ စေတီမှာပစ္စယံသုံးဆင့်ရှိပြီး ဇာတက ဝတ္ထ ုထဲက ပုံတွေကိုထွင်းထားတဲ့ လက်ရာမြောက် စဥ့်အုတ်ချပ်တွေ ပတ်ပတ်...

တောင်ငူ(၁)

တောင်ငူ(၁) အာရှမြောက်ပိုင်းစတက်မြက်ခင်းတွေဆီကလူမျိုးစုတစုဟာရာစုနှစ်ပေါင်းများစွာအနောက်ဖက်ကိုတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပြီးယနေ့တူရကီနိုင်ငံနေရာမှာတဖြေးဖြေးချင်းအင်အားတွေစုစည်းသွားမိခဲ့ကြတယ်။၁၅ရာစုမှာတော့သူတို့ဟာဥရောပအင်အားကြီးနိုင်ငံတွေကိုနားရွက်တံတွေးဆွတ်တော့မယ့်အော်တိုမန်အင်ပါယာကြီးကိုဗြုန်းဆိုကောက်ထောင်လိုက်ကြပြီးဥရောပနဲ့အာရှဆက်သွယ်ရေးလမ်းကြောင်းကြီးကိုကားယားခွထားလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာကမ္ဘာ့သမိုင်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်။ အစဉ်အဆက်ကုန်သွယ်ခဲ့ကြတဲ့ကုန်းတွင်းပိုးလမ်းမကြီးပိတ်ဆို့သွားတာကြောင့်ဥရောပသားတွေဟာတရုပ်နဲ့အာရှကိုပေါက်ရောက်ဖို့အတွက်လမ်းကြောင်းအသစ်တွေရှာကြံလာရတော့တယ်။အဲဒီလိုရှာကြံရင်းနဲ့ကိုလံဘတ်တို့။ဗတ်စကိုဒဂါးမားတို့လိုစွန့်စားသူတွေကအာရှကိုကုန်သွယ်နိုင်မယ့်ပင်လယ်ရေကြောင်းလမ်းအသစ်တွေကိုတွေ့ရှိလာခဲ့တယ်။ဥရောပမှာလစ္စဘွန်း။အမ်စတာဒမ်။လန်ဒန်အစရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့ကြီးတွေပေါ်ထွန်းလာပြီးပင်လယ်ရေကြောင်းလမ်းဟာကမ္ဘာရဲ့အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းကောင်းရှိ ခြင်းဟာနိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်လာခဲ့တယ်။ပင်လယ်ဆိပ်ကမ်းရှိတဲ့မြို့တွေနို...